Saturday, October 30, 2010

Sad Day ( His wedding day )

ဒီနေ့ သူ နံနက် ၉ နာရီ တွင်မင်္ဂလာဆောင်မည်ဖြစ်သည်၊ ကြည်နူး လိုက်ဖို ရင်ခုန် ခြင်းများ သူ့ မျက်နှာတွင် ဆင်ယင်ထားနေလိမ့်မည်။ သူချစ်သောသူနဲ့ တဘ၀လုံးလက်တွဲသွားကြတော့မည်။

ချစ်သူဟောင်း ( ကိုယ်ကချစ်နေသေးသော ) တယောက် အခြားယောက်နဲ့ လက်ထက်လိုက်သည် ဆိုသော အသိ က နှလုံးသားကို တစစ်စစ် နာကျင်စေလေသည်။ တခါခါ အသက်ရူရပ်သွားသကဲ့သို့ အသက်ရူမ၀သလိုပင်။ အခုချိန်မှာ ကျမနဲ့ တလောကလုံးနဲ့ ကတဖက်ဖြစ်နေပေသည်။ ကျမအတွက်တော့ အချစ်က ခါးသက်လွန်းလှသည်။

သူကျမကို ထားခဲ့စဉ်ကလိုပင် လုပ်ရက်လိုက်တာ ဟု အကြိမ်ကြိမ်ရေရွတ်နေမိသည်။ ကျမ အလွန်နာကျင်ရမည်ကို သိသော်လည်း သူ ဒီအတိုင်းဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ သူနဲ့ ပတ်သက်ခဲ့စဉ်တလျောက် ကျမတို့နှစ်ဦးကိစကို သူချည်းသာဆုံးဖြတ်၍ ကျမ၏ သဘောထား၊ ဆနတွေအတိုင်း ဘာတခုမှ အကောင်အထည်ဖော်ခွင့်မရှိခဲ့ဘူးပေ။

သူနဲ့ ကိုယ်ရဲ့ ကြားမှာ မမြင် မကြားနိုင်အောင် ဖြိုမရတော့တဲ့ စည်းနံရံကြီး ကို သူပျော်ပျော်ကြီး တည်ဆောက် လိုက်ပေပြီ။ ကိုယ့်အတွက်ကကောကွယ်… ကိုယ်ပေးလိုက်ပြီးတဲ့အချစ်တွေအတွက်ကော…..

ပြီးကိုယ်တော့ ကိုယ်မင်းကို ပြောချင်တာတွေရှိနေသေးတယ်… ဒါတွေအားလုံး ကိုယ်သေရာပါယူသွားရတော့မည် ( စိတ်နာဖွယ်ကောင်းလှသည် )… ကိုယ်သဘောထားမကြီးနိုင်ပါ ဆောရီး… မင်းရဲ့ မင်္ဂလာပွဲအတွက်.. ၀မ်းမြောက်ဂုဏ်ယူပါကြောင်း၊ ကောင်းချီးပေးပါကြောင်းဆုတောင်း ( ယဉ်ကျေးမူ အရလည်း ) မပြောနိုင်ပါ။ မင်းကြောင့် ကိုယ် အသည်းအကြိမ်ကြိမ်ကွဲရပါတယ်.. ( ခံရခက်လွန်းလှသည် )

ဒါပေမဲ့ လူတိုင်း ဘ၀အမောတွေကိုယ်ဆီနဲ့ မို့ မင်းတို့ကို ကိုယ့်အတွက်ကြောင့်နဲ့ ဘယ်လို စိတ်အနှောင့်အယှက်ထပ် မဖြစ်စေလိုပါကွယ်…

ကိုယ်ယုံပါတယ်… မင်းဟာ မင်း ဇနီးအတွက် ခင်ပွန်းကောင်း၊ မင်းရဲ့ သားသမီးများအတွက် ဖခင်ကောင်းတယောက်ဖြစ်မယ်ဆိုတာ… ပြီးတော့ သူတို့သာ မင်းရဲ့ဘ၀ဖြစ်မယ်ဆိုတာကိုရော.. ( ကိုယ့်အတွက် မင်းသာ ကိုယ့်ဘ၀ဖြစ်ခဲ့သလို )

ခု မင်းကိုကိုယ် ချစ်ခွင့်မရှိတော့ဘူးနော်… စိတ်ထဲကတောင်ချစ်လို့မဖြစ်တော့ပါကွယ်.. မင်းက တခြားသူရဲ့ ပိုင်ဆိုင်မူတခုဖြစ်သွားပြီကော… ကိုယ်တတ်နိုင်သလောက် မင်းကို မချစ်တော့အောင်လုပ်ပါမယ်..

ကိုယ်က ဒီဘလော့ထဲလေးမှာ မှတ်တမ်းတင်ထားပါတယ်… ကိုယ်ကမင်းကို သိပ်မြတ်နိုးရသူပါကွယ်..

Saturday, May 8, 2010

ကျမ၏မိခင်

၉ မေ ၂၀၁၀ မိခင်များနေ့အမှတ်တရ


မိခင်များနေ့နီးလာ၍ လူအများမိမိ မိခင်၏ချစ်ခြင်းမေတာအကြောင်းပြန်စဉ်းစားအောက်မေ့ကြသည်..

ကျမလည်း..ကျမမိခင်အကြောင်းပြန်စဉ်းစားမိတော့… အများနှင့်တူချင်မှတူလိမ့်မည် ဖြစ်တဲ့ ကိုယ့်မိခင်အကြောင်း မှတ်မှတ်ရရ ရေးချင်နေမိသည်…

ကျမမှတ်မိသလောက် ငယ်ဘ၀ကိုပြန်စဉ်းစားလျှင်… ကျမမိခင်သည် အလွန်အလုပ်များသောသူတယောက်ဖြစ်ကြောင်းမှတ်မိသည်။ ကျမတို့မောင်နှမ ၈ ယောက်.. အထက်အောက်သိပ်မကွာလှသော ကလေးတသိုက်နှင့် ည့်သည် ပြတ်သည်ဟု မရှိသလောက် ( မိခင်ဖက်နှင့် ဖခင်ဖက် အမျိုးများသော) အိမ်တခုလုံး ပုံမှန်လည်ပတ်နိုင်ရေးအတွက် လုံးခြာလိုက် အားသည်ဟူ၍ သိပ်မရှိလှ။ ကျမမိခင်သည် တလ တလ ဖခင်တဦးတည်း၏ ၀င်ငွေနှင့်လုံလောက်အောင်အမြဲချင့်တွက် နေရလေသည်။ အစိုးရသမမှပေးသော ၀န်ထမ်းဆန်နီနီ သည် အမေ့အတွက် အင်မတန်မက်မော စရာဖြစ်သည်။ အမေက ကျမတို့ မောင်နှမများထဲမှ ၂ ယောက်လောက်ကို ၀န်ထမ်းဆန်ရပြီဆိုလျင် သွား၍ သယ်ခိုင်းလေ့ရှိပြီး အမေမှာစိတ်သက်သာရာ ရဟန်မျက်နှာထားနှင့်ရှိနေတတ်သည်။ ကျမမှာ ၃ တန်း ၄ တန်းမျှသာရှိသေးသော်လည်း အမေ့၏သောကကို ရိပ်မိကာ ကြိတ်၍စိတ်မကောင်းဖြစ်ရသည်။ ၁ ရက် ၂ရက် နေလို့ဖြင့် မပြန်တတ်သော ည့်သည်များတွက် အမေ့မှာကြိတ်သက်ပြင်းချခဲ့ပေလိမ့်မည်။ သို့သော် ကလေးတယောက်သာဖြစ်သော ကျမသည် ည့်သည်လာလျင်ပျော်မိသည်သာ…

သို့ဖြင့် ကျမမှတ်မိသလောက် ကျမတို့မောင်နှမများက အမေနှင့် လက်ပွန်းတတီးနေလေ့မရှိပေ… အမေသည် ကျမတို့မောင်နှမများကို အဖေ့ထက်ရိုက်တတ်ပေသေးသည်..ကျမတို့တွေကြီးလာတော့ ဖခင်တဦးတည်းဝင်ငွေဖြင့် သားသမီးများ တကသိုလ်ထားရန်အခက်အခဲ ကိုကြိုမြင်ကာ သိုးမွေးထိုးစက်တလုံး တောင်ကြီးထိဆင်းကာဝယ်ယူခဲ့လေသည်… အမေပြန်ရောက်သောနေ့က အားလုံးဝမ်းသာအားရ ဖြစ်ကြရသည်… ကျမမှာ အမေပြန်ရောက်၍၀မ်းသာသည်က တကြောင်း မိမိမမြင်ဘူးသော ၊ အမေက အလွန်ကောင်းသည်ဟုပြောသော ထိုသိုးမွေးစက်ကိုပိုင်ဆိုင်ရသည်ကတကြောင်းဖြင့် အလွန်ပျော်ရွင်မိသည်.. အမေမှာလည်း မျက်နှာဝင်းပ၍ ထိုသိုးမွေးထိုးစက်အား အရိပ်တကြည့်ကြည့်ဖြစ်လျက်နေသည်… သို့သော် မကြာခင် အပူပိုင်းဒေသသို့ အဖေပြောင်းရွေ့မိန့်ကျရာ ထိုစက်ကြီးကို နှမြောစွာရောင်းလိုက်ရလေသည်..

နေရာသစ်ရောက်တော့ အမေ့မှာအားချိန်ပိုရှိလာသည်… နယ်မှ ကူညီသူခေါ်ထားပေး၍ဖြစ်သည်…

အမေသည် ရိုးရာဂျက်ခုတ်နည်းဖြင့် ကျမတို့မောင်နှမ တယောက်စီအတွက် စောင်တထည်စီရက်ပေးမည်ဆိုကာ ၃ ၄ ထည် လောက်ယက်လိုက်သေးသည်… သို့သော် အမေစိတ်ပြောင်း၍ လည်ပတ်များယက်လိုက်သည်တွင် အချို့မှသဘောတကျရှိလှ၍ ရောင်းပင်ရောင်းလိုက်ရသေးသည်… နောက်ပိုင်း အမေယက်သော စောင်သည် အသုံးတဲ့လှသည်… သို့သော် ည့်များသောကျမအိမ်တွင် မကြာခဏ ပစည်းပျောက်တတ်သေးရာ ထိုစောင်များမှာလည်း တထည်ပြီးတထည်ပျောက်၍ ကုန်လေသည်။

အမေသည် ကျမတို့အိမ်ကို လွမ်းမိုးနိုင်လွန်းသူဖြစ်သည်၊ အမေမစားသော အသားများ ကျမတို့အားလုံးမစားကြပေ၊ ကြီးလာမှ အပြင်တွင် ၀ယ်စားတတ်သော်လည်း သိပ်ကြိုက်လှသည်မရှိပါ။ အမေသည် ဟင်းအမည် များများ ချက်လေ့မရှိ၊ ချက်သောဟင်းတိုင်းလဲ ထပ်တလဲလဲစားရသော်လည်း အရသာရှိလှသည်။ စိတ်ရှည်စွာချက်တတ်၍ဖြစ်သည်၊

ကျမတို့ကြီလာမှ အမေသည် မိတ်ကပ်ပြင်ချိန် ၊ လူမူရေးလုပ်ချိန်ရှိလာသည်၊ ကျမတို့မောင်နှမမှာ အမေ အပြင်သွားရန် စိတ်ထက်သန်လျက်ရှိသည်ကို မြင်လျင် သဘောတကျရှိလှသည်.. နူတ်ခမ်းနီဆိုးရန်ပြောလျင် အရောင်နုနုကိုသာ ဆိုးလေ့ရှိသည်...

အမေသည် ကျမတို့မောင်နှမများအား သိပ်ဖြစ်ထွန်းစေလိုသည်.. စိတ်ထင်တိုင်းမဖြစ်လာကြသော ကျမတို့အား အမေသည် အားမလိုအားမရဖြစ်ရသည်… ထိုအခါသူမငယ်စဉ်က မည်သို့ လုပ်ခဲ့သည်.. ဖြစ်ခဲ့သည် စသည်ဖြင့်ပြောပြတတ်သည်… ကျမသိရသလောက် အမေသည် သူတို့ရွာတွင်အလှဆုံးဖြစ်ခဲ့သည်… နောက်ပိုင်း အမေ့ရွာမှရွာသားများ ကျမတို့ ညီအမများကိုတွေ့လျင်…. အင်း… အမေကိုမမှီကြဘူးဟုပြောတတ်ကြသည်.. ထိုအခါအမေမှ ယုံပြီလား ဆိုသော အကြည့်ဖြင့်ကျမတို့ကို ကြည့်လေသည်.

အမေသည် သားသမီးများအတွက် အမြဲဆုတောင်းတတ်သူဖြစ်သည်… နောက်ပိုင်းမှ အမေသည် အခြားသူများအတွက်ပါဆုတောင်းပေးဖို့လိုကြောင်း ပြောကာ… ကျမတို့ ညပိုင်းမိသားစု ဘုရားဝတ်ပြုလျင် တလှည့်စီ မိသားစုအတွက် နှင့် တခြားသူများအတွက်ဆုတောင်းကြရသည်..

အမေသည် သားသမီများကို ချစ်သည်ဟု ပြောခဲသည်.. မိဘမေတာသိပ်ကြီးကြောင့်းဖြင့် ကျမတို့ကို မကြာခဏတရားဟောတတ်သည်..

ကျမ အမေဖြစ်စေချင်သလို ၊ ဖြစ်စေချင်သလောက်ဖြစ်မလာတဲ့အတွက် စိတ်မကောင်းဖြစ်ရပါသည်. အထူးသဖြင့် ကျမ၏ အိမ်ထောင်ရေးအတွက် အမေ့မှာ အမြဲပူပင်ရသည်.. တခါ ကျမကို လာ၍တီးခေါက်ကြသည်တွငိ အမေသည် တဖက်လူကိုသဘောကျသော်လည်း.. ကျမနှင့် ကျမအဖေ၏ သဘောကျပင်.. ယဉ်ကျေးစွာ ငြင်းပယ်ခဲ့ဘူးသည်.. ပြီးမှ အမေ့မျက်နှာပျက်လျက် ( နှမြောနေဟန်တူပါသည် ) ရှိသည်.. ကျမမှာ ရင်ထဲမှအလုံးကြီးကျသွားသော်လည်း အမေ့ကိုကြည့်ရင်း မိမိကိုယ်ကိုအပြစ်တင် ငိုချင်နေမိတော့သည်….

ထို့နောက်ပိုင်းတွင် ( နောက်ထပ်ကမ်းလှမ်းချက်များရှိခဲ့သော်လည်း )အမေသည် စပ်ပေးဖို့ကိစကို မပြောတော့ပေ.. အမေသည် ကျမချစ်သောသူကိုသာ လက်ထက်စေလိုပေလိမ့်မည်.. ထိုသူကိုလည်းလက်ခံနိုင်ရန် ပြင်ဆင်ထားပေလိမ့်မည်.. သို့သော် ကျမသည် ကျမ ချစ်သောသူ၏ ထားရစ်ခဲ့ခြင်းကိုခံရသူတယောက်ဖြစ်ပေသည်.. ကျမ၏ မျက်ရည်များကို ( အများ မမြင်စေချင်သော ) အမေသည် မသိချင်ယောင်ဆောင်ပေးခဲ့သည်. ကျမတို့မိသားစုအတွင်း မိမိအချစ်ရေးများ ပြောဆိုလေ့မရှိပေ.. ကျမအကို မောင် များလက်ထပ်ရန်ဖြစ်လာလျင် မိဘများအား တိုးတိုးတိတ်တိတ်ပြောဆိုပြီး အိုကေပြီဆိုမှ ကျန်မောင်နှမများသိကြရသည်..

ကျမအသည်းကွဲနေစဉ်က အမေသည် ကျမ၏ မျက်နှာကဲ တကြည့်ကြည့်ဖြစ်နေတတ်၍ မျက်နှာမကောင်းသောကျမကိုမြင်လျင် အမေမျက်နှာ ကွက်ခနဲပျက်၍ ကျမကိုမျက်နှာလွဲသွားတတ်လေသည်.. ထိုအခါ ကျမမှာပို၍ စိတ်မကောင်းဖြစ်ရပြန်သည်…

ကျမသည် အမေ့ကို စိတ်ချမ်းသာစေချင်ပါသည်… အမေနူတ်ကသိပ်ပြောလှသည်မဟုတ်သော်လည်း.. အမေကျမကို သိပ်ချစ်ကြောင်း ကျမနှလုံးသားထဲကသိနေပါသည်… တခါကျမဖုံးဆက်တော့ အမေက ကျမကို ပြန်လာစေချင်ကြောင်း လွမ်းလှသည် ဟုပြောရာ ကျမရင်ထဲလိုက်ခနဲဖြစ်သွားသော်လည်း ဟန်မပြတ်.. ပြန်လာခါနီးပြီဖြစ်ကြောင်းပြောလိုက်သည်…

ကျမအတွက် သည်အမေသည် လောကတွင်ကျမကို အချစ်ဆုံးသောသူဖြစ်သည်.. ကျမကိုပျော်နေစေချင်သောသူ.. ကျမအတွက်ဒုခကိုခံလိုသောသူ.. ခံခဲ့သောသူဖြစ်ပါသည်။

Wednesday, May 5, 2010

Un named

( မည်သူ့ကိုမှမရည်ရွယ်ပါ တိုက်ဆိုင်မူရှိရင် ခွင့်မလွတ်ပါနဲ့.. lolz.. ) စိတ်ကူးယဉ်ထုရှည်ရေးရန်ဖြစ်သည်။ မပြီးသေးပါ... ဘယ်အချိန်ဆက်ရေးဖြစ်မည်ကိုမသိသေးပါ။ ကြိုတင်ထားလိုက်တာပါ။ ဖတ်သူတိုင်းကိုကျေးဇူးတင်တယ်..

တယ်လီဖုန်းကိုညင်သာစွာပြန်ချလိုက်ပြီးထိပ်ထားတယောက်အံ့သြ၀မ်းသာစိတ်ဖြင့်တီးတိုးညည်းလိုက်မိသည်။

ရုံးခန်းတွင်းဖြစ်သဖြင့်အသံသိပ်မကျယ်ရဲ၊ မိမိနေရာပြန်ရောက်သော် မိမိဘေးရှိ ကွန်ပျူတာရိုက်နေသောအတင့်ကို

လူမူရေးအဖွဲ့တခုမှအလုပ်အင်တာဗျူးခေါ်ကြောင်း၊ နက်ဖြန်လာနိုင်လာပါက နိုင်ငံခြားသူနှင့်တွေ့နိုင်မည်ဖြစ်၍ အဆင်ပြေကြောင်း

စသသည်ဖြင့်ပြောပြသည်။ ထို့နောက် ထိပ်ထားတယောက်နောက်တနေ့ အတွက်ခွင့်တောင်းရန် သူမ boss

ပြန်လာမည့်အချိန်ကိုမျော်နေတော့သည်။

အိမ်ခြေသန့်၍ အိမ်ကြီးကြီးများရှိသော လမ်းကြားထဲသို့ ထိပ်ထားဝင်လာသည်နှင့်

တိတ်ဆိတ်ငြိမ်သက်သောပတ်ဝန်းကျင်ကိုသတိထားမိသည်။ တချက်တချက် ခြံစည်းရိုးမြင့်မြင့်နောက်ကွယ်မှ ခွေးကြီးများက

သူမကိုထိုးဟောင်သည်။ ဟော.. ဒီအိမ်.. ဟုတ်သည် ဆိုင်းဘုတ်ခပ်သေးသေးတခုကို ခြံစည်းရိုးထောင့်တွင်မြင်ရသည်။

အထဲတွင်လူသူမတွေ့ရ။ ၃ ထပ်ရှိသောအဆောက်အအုံတွင်မှန်များဖြင့်ကာရံထားသော်လည်း အထဲတွင်လိုက်ကာထူထူများကထပ်ဆင့်

ကာရံထားပြန်သောကြောင့် လူရိပ်သူရိပ်ကိုမတွေ့ရပေ။

အစောင့်ဟုထင်ရသောသူထွက်လာ၍ သူမကအင်တာဗျူးခေါ်ထား၍လာရကြောင်းပြောပြတော့

အောက်ထပ်ရှိဧည့်သည်နေရာတွင်ခေတစောင့်ရန်ပြောသည်။ ရုံးတွင်းစာရွက်စာတမ်းများထိန်းသိမ်းရန် နှင့်အခြားသော

စီမံရေးရာအလုပ်များလိုပ်ကိုင်ဘို့ လူရှာနေကြောင်းဖြင့် နိုင်ငံခြားသူမှရှင်းပြလေသည်။ ဖော်ရွေ၍ သဘောကောင်းပုံရသည်ဟု

ထိပ်ထားတွေးမိ၍ သူမကိုခင်မင်သွားတော့သည်။ ပြန်လို့ရပြီဟုသိရသည်တွင် ထိပ်ထားစဉ်းစား ရတော့သည်။ သူမယခုလာသည်မှာ

ရုံးကကားဖြင့်လမ်းကြုံ၍ လိုက်လာခြင်းဖြစ်သည်။ သူမခွင့်မရ၍ ခိုးထွက်လာရသည်။ အပြန်တွင် ကုကိုင်း ယခုရုံးမှ စမ်းချောင်းသူမအိမ်သို့

bus ကားမစီးတတ်ပေ။ သို့နှင့် ထိုရုံးရှိဝန်ထမ်းများကို မေးကြည့်ရန်ဆုံးဖြတ်လိုက်သည်။ အင်း အမျိုးသားများက bus

လမ်းကြောင်းပိုသိနိုင်သည်ဟုတွေးရင်း ဒုတိယထပ်ရှိရာသို့ဆင်းလာသည်။ အမျိုးသား

နှစ်ဦးကွန်ပျူတာကိုသည်းသည်းမည်းမည်းကြည့်ရင်းအလုပ်လုပ်နေသည်ကိုတွေ့၍ ထိပ်ထားမှ အသံပေးရင်းပြုံးပြလိုက်သည်တွင်

နှစ်ဦးထဲမှ ပိုအသက်ငယ်၍ မိမိအားပြန်ပြံးပြသောသူအား စမ်းချောင်းသို့သွားသော bus ကားရှိလားဟုမေးလိုက်သည်။ ထိုသူက

တိုက်ရိုက် bus မရှိကြောင်းပြောပြတော့ ထိပ်ထားတယောက်စိတ်ပျက်သွားသည်။ အင်း… taxi

ဋ္ဌားပြန်တော့မည်ဟုဆုံးဖြတ်လိုက်သည်။သူမပင်ပန်းတကြီး အင်တာဗျူးအမှီလာရခြင်းဖြစ်သည်။

သူမစ၍အလုပ်ဆင်းတော့ ၀န်ထမ်းအားလုံးကဖော်ရွေစွာကြိုဆိုကြသည်။ ရန်ကုန်ရုံး၏တာဝန်ခံသည် အသက်သိပ်မကြီးသေး။

အသားညိုညို ဆံပင်ရှည်ရှသည်နှင့် သူမနှင့်ရွယ်တူပင်ဖြစ်မည်။ သူမနာမည် တင်တင်အုံးမြင့်ဟုသိရ၍ အားလုံးမှ

မတင်တင်ဟုခေါ်ကြသည်။ ချမ်းသာသောမိသားစုမှလာသူဖြစ်ဟန်တူသည်။ သူမ၏ဖခင်မှာလည်း ”ဋ္ဌာနတခုမှ

ရာထူးကြီးသူတယောက်ဖြစ်ကြောင်းသိရလေသည်။

ထိပ်ထားသည် ရုံးအသစ်တွင်ပျော်သည်။ တာဝန်ကြီးကြီးမားမားမရှိပေ။ မိမိလုပ်ရမည့်အလုပ်ကို ထို ထိပ်ထားအား bus

လမ်းကြောင်းရှင်းပြခဲ့သူမှ အလုပ်လွဲယူရသည်။ နောက်မှ ထိုသူအမည်မှာ ဇော်နိုင်ဖြစ်ပြီး ရာထူးတိုးသွား၍ မိမိမှာ

ထိုနေရာသို့ဝင်လာသူဖြစ်ကြောင်းသိရသည်။ အလုပ်များရှင်းပြရင်းဖြင့် စကားပြောဖြစ်ကြရာ ထိပ်ထားမှာ သဘောကောင်းပုံရ၍

ရယ်စရာများပြောတတ်သော ဇော်နိုင်အားခင်မင်သွားလေသည်။ အခြားသူများမှာ မိမိအလုပ်ဖြင့်သိပ်စကားမပြောဖြစ်ကြပေ။ ထိပ်ထားမှာ

အလုပ်လွဲသည်များကိုဂရုတစိုက်လိုက်လံ မှတ်သားနေလေသည်။ သူမယခုကဲ့သို့သော အလုပ်ကိုလိုချင်သည်မှာကြာပေပြီ။ ယခုရပြီ။

သူမကြိုးစား၍ အလုပ်လုပ်ရပေမည်။

ထိပ်ထား လုပ်သက် ၆လလောက်ကြာသော် ရုံးနှင့်တသားတည်းဖြစ်နေပေပြီ။ အားလုံးနှင့် အဆင်ပြေပြေ ပေါင်းသင်းနိုင်သော်လည်း

ဇော်နိုင်ကိုမူပိုခင်မင်မိသည်။ သို့သော်ထိပ်ထား မတင်မကျဖြစ်မိတာရှိသည်။ တခါတခါဇော်နိုင်၏အမူအရာမှာထူးခြားသည်။ တကယ်တော့

ထိပ်ထားသည် မိမိထက်အသက်ငယ်၍ လုပ်ငန်းကျွမ်းကျင်သောဇော်နိုင်အား ရိုးသားစွာခင်မင်အားကိုးမိလေသည်။ မိမိခင်မင်၍လည်း

ရင်းနှီးစွာပေါင်းသင်းပြောဆိုသော်လည်း ဇော်နိုင်မှာ ထိပ်ထားအထင် မလိုအပ်သော စည်း (သို့) နံရံ တခုကိုခြားထားသကဲ့သို့

ယူဆမိသည်။ ထိုအခါထိပ်ထားသည် အံ့သြတကြီးဖြစ်၍ နားမလည်နိုင်စွာပခုံးတွန့်၍ မိမိခင်မင်မူကိုကန့်သတ်ထားလိုက်တော့သည်။

အကြောင်းရင်းကိုသူမ စိတ်မ၀င်စားပေ။ အနည်းငယ်စိတ်မကောင်းဖြစ်ရသောထိပ်ထားသည် နောင်တွင်မှ သိရသည်မှာ ဇော်နိုင်နှင့်

ထိုမသီတာတို့ကြား ပတ်သက်မူရှိနေကြောင်းဖြစ်သည်။ ဇော်နိုင်မှာလည်း ထိုမတင်တင်ရှေ့တွင် ပို၍ တမျိုးဖြစ်နေသည်။ ကိစမရှိ။

ထိပ်ထားနှင့် မသက်ဆိုင်။ ရုံးတိုင်းတွင် အီကဲ့သို့ လူမူရေးကိစများရှိတတ်သည်။ ထိုအခါ ထိပ်ထားမှာ ပို၍ဆင်ခြင်စွာနေရတော့သည်။

ဇော်နိုင်မှာလည်း အခြားမိန်းခလေးများနှင့် ကင်းကင်းနေလေသည်။ သို့သော်ထိပ်ထားမှာ ဇော်နိုင်၏အမူအရာမှာမလိုအပ်ဘဲ

အကဲပိုလွန်းသည်ထင်သည်။ ရိုးရိုးတန်းတန်းခင်မင်ရင်နှီးမူသည် တရုံးတည်းအလုပ်လုပ်ကြသူချင်းအတွက်

ပိုမိုပျော်ရွင်စေသည်မဟုတ်ပါလား။ ကဲထားပါ.. ဒါသူကိစ…

ထိပ်ထားမှာ လာသမျှသောဖုံးအ၀င်တိုင်းကိုအရင်းကိုင်၍ ထိုမှတဆင့် သက်ဆိုင်သူများထံ လွဲပေးရသည်။ လာသမျှဖုံးတိုင်းသည်

အများအားဖြင့်ဇော်နိုင်အတွက်ဖြစ်နေတတ်သည်။ သူ၏အလုပ်အရ ပြင်ပလူများနှင့်ဆက်ဆံရသည်။ သို့သော်

အလုပ်ကိစနှင့်မဟုတ်သောသူ၏ မိန်းခလေးမိတ်ဆွေများ၏ ဖုံးများလည်းမကြာမကြာလာတတ်သည်။ အတွေ့အကြုံအရ ထိပ်ထားသည်

အလုပ်ကိစနှင့် အခြားကိစနှင့်လာသော ဖုံးကိုခွဲခြားသိနေပေသည်။ ထိုကဲ့သို့သောဖုံးများဝင်လာပါက တခါတလေ

ဇော်နိုင်အားနောက်ပြောင်ရလေသည်။ ကြည့်ရသည်မှာ သူ့တွင်မိန်းခလေးမိတ်ဆွေ ပေါများပုံရလေသည်။ သို့သော်ဘာကြောင့်မှန်းမသိ

တနေ့ မိန်းခလေးများ၏ ဖုံးမလာတော့ပါ။ သို့သော် ဇော်နိုင်မှ ထမင်းစားချိန်များတွင် နာရီဝက်လောက်တိုးတိုးဖုံးပြောနေတတ်လေသည်။

ထိပ်ထားတို့အားလုံးရိပ်မိကြတော့ ပြုံးမိကြသည်။ သို့သော် မကြာမီ ရုံးဖုံးကို မိမိကိုယ်ရေးကိုယ်တာ အတွက်အကြာကြီးသုံး၍မရကြောင်း

မတင်တင်မှအားလုံးကိုသိစေလိုက်တော့ ဇော်နိုင်မှာမျက်စိမျက်နှာပျက်ရသည်။

လုပ်သက်၂ နှစ်နီးပါးရှိလာသော်လည်း ထိပ်ထားမှာ ပုံမှန်သာဇော်နိုင်အားဆက်ဆံတော့သည်။ ဇော်နိုင်အား

ဇတ်ရူတ်ရှိသူဖြစ်ကြောင်းနားလည်လာသည်။ တနေ့တွင် မသီတာအလုပ်ထွက်၍လူစားထိုးရှာကြရသည်။

ရုံးချုပ်တာဝန်ခံအသစ်ဦးထင်ကျော်ဖြင့် ရုံးဝန်ထမ်းများအားလုံးအဆင်ပြေပြေနေနိုင်ရန်ကြိုးစားကြရင်း အဆင်မပြေ

ဖြစ်ကြသည်ကများလာသည်။ ဦးထင်ကျော်သည် အလွန်ကြေးထူလွန်းသူ၊ စည်းစနစ်ကျသူ ဖြစ်သည်။ ၀န်ထမ်းတဦးဦးနှင့်

အဆင်မပြေသော် အားလုံးပါစိတ်မကောင်းဖြစ်ကြရသည်။ ထိုသို့နှင့် ရုံးထုံးစံအတိုင်း မိမိမကြေနပ်သည်များကို

တဦးနှင့်တဦးရင်ဖွင့်ဖြစ်ကြရင်း ထိပ်ထားမှာ ဇော်နိုင်နှင့် ပိုခင်မင်လာသည်။ ရုံးအပြန် ကြေးအိုးသောက်ကြရင်း ရင်ဖွင့်ကြသည်။

ညအိမ်ရောက်၍ အားမရသေး ဖုံးဖြင့်ပြောဖြစ်ကြရင်း အားပေးကြရသည်။ အလုပ်သစ်ရှာရန်တိုက်တွန်းကြရင်း ကိုယ်သိသော

အလုပ်ခေါ်စာများ အပေးအယူလုပ်ကြသည်။ ထိပ်ထားမှာ အလုပ်တွင်မပျော်နိုင်သော်လည်း ထိုသို့ ရင်ဖွင့်အားပေးနေရ၍

သက်သာနေသည်။ သို့ရာတွင် ထိပ်ထားစိတ်တွင်မတင်မကျဖြစ်ရသည်။ ညမအိပ်မပျော်ခင်ထိ ရုံးကိစအပါအ၀င်

ဇော်နိုင်အကြောင်းပါစဉ်းစား၍နေမိတော့ မိမိကိုယ်ကို မနှစ်မြို့နိုင်ဖြစ်ရသည်။ သို့သော်အမြဲသာစဉ်းစာနေမိတော့သည်။ ကြာလာတော့

မိမိဇော်နိုင်အား စိတ်ဝင်စားနေပြီဖြစ် ကြောင်းသိလာရတော့သည်။ သို့သော်ထိပ်ထားသတိရှိပါသည်။ သူမဇော်နိုင်အားချစ်၍မရပါ။

သူမစိတ်ကူးထဲရှိချစ်သူများတွင်ဇော်နိုင်မပါ။ သူမသတိထားမိသလောက် ( သတိထားပြီးအကဲခတ်မိသည် ) ဇော်နိုင်သည်

တကိုယ်ကောင်းဆန်သူ၊ ဟန်ဆောင်ကောင်းသူ ဖြစ်၍ စိတ်ကောင်းအနည်းငယ်သာရှိသူဟုကောက်ချက်ချမိသည်။

ခက်သည်ကထိပ်ထားမှာ ဇော်နိုင်ခွင့်ယူသောနေများသည် ရုံးတွင်အလွန်ခြောက် ကပ်ကပ်ဖြစ်သည်ဟုခံစားရခြင်းသည်။

နောက်ပိုင်းတွင်သူ့အား လွမ်းပင်လွမ်းနေမိတော့သည်။ အလုပ်ကိစပင်ဖြစ်စေတော့ မိန်းခလေးများနှင့်သူ စကားပြောသည်ကို

မကြည်ဖြူနိုင်ဖြစ်ရသည်။ ထိပ်ထားသိပါပြီ။ သူမဇော်နိုင့်အား ချစ်မိသွားပေပြီ။ ထိုအချိန်မှစ၍ ထိပ်ထားသည် မိမိတဘ၀စာဒုကခ

မီးကိုရင်ဝယ်ပိုက်မိသူဖြစ်တော့သည်။

ထိပ်ထားသည် အသည်းကွဲမှာအင်မတန်ကြောက်သူဖြစ်သည်။ သူမ၏သူငယ်ချင်းများစွာမှာ အသည်းကွဲကြ၍

ဝေဒနာဖြင့်လူးလဲခံစားကြသည်ကိုမြင်တွေ့ဘူးလေသည်။ ထိုသူတို့ကို နှစ်သိမ့်ပေးဘူး၍ မည်မျှပူပြင်းသော

သောကဖြစ်ကြောင်းနားလည်ထားသူဖြစ်ပြီး ယခင်မည်သူ ကိုမှလည်း မချစ်ခဲ့ဘူးပေ။ မိမိချစ်သူသည်

မိမိလက်ထပ်သောသူဖြစ်ရမည်ဟူ၍လည်းအမြဲ ဆုံးဖြစ်ထားသည်။ ကဲ… ခုထိပ်ထားသည် လူတယောက်အား အစမကောင်းသော

ချစ်ခြင်းဖြင့်ချစ် မိနေပေပြီ။

နေ့စဉ်တွေ့ရသော ဇော်နိုင်အပေါ် ထိပ်ထားသည် ဟန်ဆောင်တင်းမထားနိုင်ပါ။ သူမအချစ်များသည် သူမမျက်နှာတွင်ပေါ်သည်ထင့်..

ဇော်နိုင်မှာလည်းထိပ်ထားအထင် တမျိုးဖြစ်လာသည်။ ထိပ်ထားမှာ နေ့စဉ် ရင်ခုန်သံတိုးတိုးတိတ်တိတ်ဖြင့်

ဇော်နိုင့်အပေါ်သံယောဇဉ်တရစ်ပြီးတရစ်တိုးလာတော့သည်။ သူမကိုဇော်နိုင်စကားပြောလျင် မျက်နှာမကြည့်ရဲသလိုဖြစ်ရသည်။ပြီး

မျက်နှာကိုလည်းမြင်ချင် နေပြန်သည်။ ခက်ချေပြီ။ တနေ့တွင်သူမတို့ရုံးမှာ အလုပ်အနည်းငယ်ပိ၍ နောက်ကျမှပြန်ရသည်။

ထိပ်ထားနှင့်ဇော်နိုင်မှာ ကားမှတ်တိုင်တွင်ကားအလာစောင့်နေလေသည်။ ကားကလာခဲပေသည်။ ရုံးဆင်းချိန်ဖြစ်၍လည်း

လာသမျှကားသည် အလွန်ကြပ်၍တက်၍ပင်မရ။ ရုတ်တရက် ဇော်နိုင်မှ လမ်းလျောက်၍

အင်းယားကန်စောင်းဘက်သွားရန်ပြောလေသည်။ ထိပ်ထားမှာ မှတ်တိုင်နှင့် ကန်ဘောင်နီးသည်ကိုသိသော်လည်း

လမ်းလျောက်မသွားဘူးသေးပေ။ သို့နှင့် သူမတို့နှစ်ယောက် ကန်ဘောင်တွင် ပုံမှန်ခြေလှမ်းအတိုင်းစကားမပြောဘဲ

လမ်းလျောက်ဖြစ်ကြသည်။ ထိပ်ထားရင်တွင်လေအေး၏ အထိအတွေ့ဖြင့် ကြည်နူးချမ်းမြေ့နေသည်။ ပြီးတော့ သူမ၏

ဘေးမှသူ့ကိုစောင်းငဲ့ကြည့်ရင်း ရှက်သွေးဖြာသွားသည်။ သူမတို့သည် ချစ်သူရည်းစားများသွားသော

နေရာတွင်ရှိနေကြသည်မဟုတ်လား။ အနည်းငယ်ညောင်းလာတော့ အုတ်တန်းလေးပေါ် အတူတူထိုင်လျက်

ရေပြင်ကိုငေးမောကြည့်နေမိသည်။ ထိုနေ့ ထိုနေရာတွင် ဇော်နိုင်က ထိပ်ထားကိုချစ်သည်ဟုပြောလေသည်။ ထိပ်ထားကနောက်မှ

အဖြေပေးမည့်သဘော စကားကိုပြန်ထားသည်။ နောက်မှ ထိပ်ထားစဉ်းစားမိသည်မှာ ထိုနေ့မတိုင်မီပင် မိမိချစ်နေသည်ကို ဇော်နိုင်ကဲ့သို့

မိန်းခလေးသူငယ်ချင်းများစွာရှိသူမှ သိပြီးလောက်ပြီဟု။ ခက်သည်က ထိပ်ထားသည် မိမိဆုံးဖြတ်သည့်အတိုင်း

မိမိချစ်သူကိုသာလက်ထပ်မည့်ဆုံးဖြတ်ချက်ဖြစ်သည်။ ထို့ကြောင့် ဇော်နိုင့်အား

မိမိကိုအတည်လက်ထပ်သည်အထိရည်ရွယ်ထားခြင်းဟုတ်မဟုတ် အရင်မေးမည်.. ထိုသို့မဟုတ်က သူမ

အချစ်စိတ်ကိုထိန်းချုပ်ထားမည်။ ဟုတ်သည်.. သူမသည် စိတ်ကူးဖြင့် အပျော်ရည်းစားထားရန် မည်သည်အချိန်ကမှ မစဉ်းဘူးပေ။

မိမိအချစ်ကို တန်ဖိုးရှိရှိထိမ်းသိမ်း ထားသူဖြစ်သည်။

သို့သော်အံ့သြစရာကောင်းသည်မှာ ဇော်နိုင်သည် ထိပ်ထားအား အဖြေမတောင်းတော့ခြင်းဖြစ်သည်။ ချစ်သည်ဟုဖွင့်ဟသော

မိန်ခလေးကို ဖာသိဖာသာလုပ်နေသည့် ဇော်နိုင့် အား ထိပ်ထားနားမလည် နိုင်ဖြစ်ရသည်။ ထိပ်ထားသိသည်မှာ ဇော်နိုင်

ထိုစကားကိုရုပ်သိမ်းသည့် သဘောဖြစ်ကြောင်းသည်။ ရှက်စိတ်ဖြင့် ထိပ်ထားမိုးလင်းသည်ထိတိုင်ကြိတ်ငိုရပေပြီ။ အို…

ရှက်စိတ်သာမဟုတ် သူ့အားချစ် သည့်အချစ်စိတ်ကလည်း ရင်ကိုလှိုက်စားနေပေသည်။ တကယ်တော့ သူမအသည်းကွဲနေပေပြီ။ သူမ

မဖြစ်ချင်သောအသဲကွဲဝေဒနာစတင်ခြင်းဖြစ်တော့သည်။ သည်လိုနှင့် ထိပ်ထားသည် အဖြေပေးခွင့်မ ရတော့ဘဲ ချစ်စိတ်

နာကျင်စိတ်ကိုမြိုသိပ်ထားရတော့သည်။ သို့သော် နေ့တနေ့တွင် ဇော်နိုင်မှ စိတ်လှူပ်ရှားစွာဖြင့် ချစ်လားဟုတိုးတိုးမေးတော့

ထိပ်ထားသည် ခပ်သွက်သွက် ခေါင်းညတ် မိတော့သည်။ သူမကျဆုံးပေပြီ။ ထို့နောက်တွင် သူ၏လွမ်းမိုးမူအောက်ဝယ်အင်းအားမဲ့စွာ

မင်သက်နေမိတော့သည်။ သူကိုသာ မိန်းမူးစွာတမ်းလျက်ရှိတော့သည်။

သူမဘာကိုမှမစဉ်းချင်တော့.. သူမသူကိုသိပ်ချစ်သည်.. ဟုတ်သည် သိပ်ချစ်သည် ဒါဘဲသူမသိချင်တော့သည်။

သူမ၏အချစ်မည်မျှကြီးကြောင်းသူမသာသိ၍ ပြန်မပြောတတ်ပေ။ ထိပ်ထား၏ စိတ် အတွေးအားလုံးတွင်သူသာရှိနေတော့သည်။

ရုံးပိတ်ရက်များကိုသူမ မလိုချင်တော့။ အမြဲတွေ့ချင်သည် မြင်ချင်သည်။ အဆိုးဆုံးမှာ သူ့ကိုပိုင်ဆိုင်လိုသောစိတ်ဖြစ်သည်။ ဟုတ်သည်..

သူမ သူကိုထာဝရပိုင်ဆိုင်လိုပေပြီ။ အနားတွင်အမြဲရှိစေချင်သည်။ သို့သော် သူမမည်သို့ ပြောထွက်ရပါ့။ အကြောင်းက ဇော်နိုင်သည် သူမ

ကို သူဘ၀ထဲသို့ အနည်းငယ်မျှပင် အ၀င်မခံ ခြင်းဖြစ်သည်။သူသည် ကြီးမားထူထဲသော နံရံနောက်မှ သူမကိုစိန်ခေါ်သူသာဖြစ်သည်။

ထိုအသိစိတ်က ထိပ်ထားရင်ကို သံချွန်နှင့်ထိုးသကဲ့သို့ စူးရှနာကျင်စေသည်။ ဟုတ်ပြီ… ထိပ်ထားသည် သူများမပေးချင်သောအရာကို

ဘယ်တော့မှ မတောင်းတော့ပါ။ ကောင်းပြီ… မင်းမ၀င်စေချင်ရင်…. ကိုယ်ဝေးဝေးမှာသာနေပါသည်ဟုရေရွတ်မိသည်။ ထို့နောက်ပိုင်းတွင်

ထိပ်ထားသည် နာကျင်ဖွယ်ဒက်ရာများသာသူ့ထံမှရတော့သည်။ သူအလုပ်ထွက်စာတင်သောနေ့တွင်

ထိပ်ထားဟန်မဆောင်နိုင်ငိုရတော့သည်။ သူမသိသည်။ သည်လိုနှင့် သူ သည် ထိပ်ထားဘ၀မှ အပြီးထွက်သွားတော့ပေမည်။

သူရုံးတက်ရက်နောက်ဆုံးနေ့တွင် farewell လုပ်ကြတော့ ကံကောင်းလှစွာ သူမဟန်ဆောင်ကောင်းခဲ့ပါသည်။ ထိုနေ့သည် သူမအတွက်

ငရဲတမျှပူပင်သောက ရောက်ရသောနေ့ဖြစ်သည်။

ဇော်နိုင်သည် ကတိတလုံးမှမပေးဘဲ သူမဘ၀မှထွက်သွားခဲ့ပေပြီ။ သူမထင်သလိုပင် ဇော်နိုင်သည် အစအနပင်မမြင်ရဘဲ.. email ဖြင့် သူမ

ဖြတ်စာပေးခဲ့သည်။ ထိပ်ထားအတွက် ရုံးသည် ပူလောင်မူဖြင့်လောင်ကျွမ်းစေသောနေရာဖြစ်သော်လည်း သူ့အရိပ်များ.. စာအုပ်ပေါ်မှသူ့

လက်ရေးများမြင်ရ၍ အလွမ်းဖြေရသည်။ သူ့ကိုယ်စား ထိုနေရာကိုပင် သံယောဇဉ်ထားမိသည်။

ထိပ်ထားဖခင်သည် ထိပ်ထားအားအကဲခတ်ကြာပြီထင့်.. ထိပ်ထားသတိထားမိတော့ အိမ်က မိမိအကြောင်း ( အသည်းကွဲခြင်း ) ကို

ရိပ်မိခဲ့ပေပြီ။ မိသားစုမှလည်း ကြာလာတော့ ပေါ်ပေါ်တင်တင်ပင် ငြိုငြင်မူကိုပြလာသည်။အဆိုးဆုံးမှာ ထိပ်ထား၏

မောင်အငယ်ပင်ဖြစ်သည်။ ထိပ်ထားမရှိချိန်တွင်စကားပြောကြ၍ ထိပ်ထားလာသည်နှင့် ရုတ်တရက်စကားပြောရပ်ပစ်ကြသည်။

ထိပ်ထား၏ အသွားအလာကိုစစ်ဆေးပိတ်ပင်လာသည်။ ထိုသို့မိသားစု၏လုပ်ရပ်က ထိပ်ထား၏ ရင်ကို ပို၍နာကျင် အရှက်ရစေသည်။

တကယ်တော့ထိပ်ထားမှာ မိမိဘာသာသိသော အသိစိတ်အားဖြင့် ရှက်လှပေပြီ။ နာကျင်လှပေပြီ။ ခုတွင် တရှက်မှ

နောက်တရှက်ထပ်ပိလာသည့် အနေအထားအတွက် ထိပ်ထားမှာခံနိုင်ရည်အားကင်းမဲ့လာရသည်။ သူမ ထပ်၍ မခံယူလိုတော့ သူမ

တခုခုလုပ်မှဖြစ်ပေတော့မည်။ သို့သော်ထိုတခုခုကို ထိပ်ထားမသိ။ ရုံးထွက်ချင်သည့်စိတ်သာရှိသည်။ ထိပ်ထား

ပို၍ဟန်မပြတ်နေပြရလေသည်။ ရုံးတွင်ပျော်ပြရသကဲ့သို့ အိမ်တွင် မြူးပြရသည်။ နောက်ဆုံးထိပ်ထားအိပ်ယာက ခေါင်းအုံးသည်သာ

မျက်ရည်များနှင့်စိုနစ်ခဲ့ရသည်။ သူမ အိပ်ချိန်သည် သူမလွတ်လပ်စွာငိုကြွေးခွင့်ရသောအချိန်ဖြစ်တော့သည်။ အော်.. သူမအတွက်က

မျက်ရည်သာ အဖော်ဖြစ်တော့သည်တကား…


ထိပ်ထားသိသည်။ သူမသည် ဇော်နိုင်အတွက် အများထဲကတယောက်ဖြစ်၍ လပိုင်းလောက် အချိန်တွင်းပင်

မေ့များပင်မေ့လောက်နေပြီဖြစ်သော်လည်း သူမအတွက် သူသည် တယောက်တည်း သောသူဖြစ်သည်။ သို့သော် သူမဘ၀ထဲ၊

နှလုံးသားထဲမှ သူ့ကို ထုတ်ရပေမည်။ သူမတွင်အနာ ဂတ်ရှိသည်မဟုတ်လော။ ဘ၀လက်တွဲဖော်ကောင်းသူမရှာရမည်။

တွေ့စေလိုသောသူများ ကို တွေ့ရမည်။ ချစ်ရန်ကြိုးစားရမည်။ သူမဘ၀ အတွက် သူသည်လည်းခဏသာဖြစ်ရမည်။

ပေးလိုက်ရတဲ့အချစ်တွေ….ခံစားသမျှနာကျင်မူတွေ…. ခါးသည်းညတွေ… အိပ်ပျက်ညတွေ…. ထားလိုက်ပါတော့..ဒါတွေထားလိုက်ပါတော့..

တခုကသူ့ကိုတော့ဖြင့် သူမမေ့ပစ်မှဖြစ်လိမ့်မည်။ သူ့အားမမေ့နိုင်သေးသ၍ သူမနာကျင်နေရအုံးမည်လေ။။ ထိပ်ထားမှာ

မိမိအသည်းကွဲခြင်းသည် သူငယ်ချင်းများနှင့်မတူ… မိမိအဖြစ်ဆိုးလှကြောင်းသုံးသပ်မိသည်။ အမှန်တော့ ဇော်နိုင်သည် သူမအပေါ်

သူစိမ်းပြင်ပြင်သာဆက်ဆံခဲ့သူဖြစ်သည်။ သူသည် တခြားသူ အပေါ်တွင် ကောင်းနေတတ်ပြီး သူမအပေါ်တွင်တော့

ကြင်နာမူပြရန်စိတ်ကူးပင်ရှိပုံမရပေ။ သူ၏စကားလုံး များကြောင့် ထိပ်ထားမှာ ဆတ်ဆတ်ခိါနာကျင်ခဲ့ရသည်မှာလည်း

အကြိမ်ကြိမ်ဖြစ်သည်။ သူသည်ထိပ်ထားအား ချစ်သူအဖြစ်မည်သည့်အချိန်ကမှ သတ်မှတ်ခဲ့ဟန်မတူ။ အလွန်ပင်

နားမလည်ချင်စရာဖြစ်တော့သည်။